Friday, October 28, 2011

ပွဲဆူလွန်းတဲ့ တိုင်းဝန်ကြီးချုပ် ဦးခင်ဇော် နောက်ဆက်တွဲများ


တနင်္သာရီ တိုင်းဝန်ကြီးချုပ် ဦးခင်ဇော် (ဓာတ်ပုံ - အားကစားဝန်ကြီးဌာန)

(ကော့သောင်းမြို့မှ ပေးပို့တာ ဖြစ်ပါတယ်)

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ကတော့ အခုတလော အင်တာနက် စာမျက်နှာတွေပေါ်မှာရော၊ RFA, VOA စတဲ့ အသံလွှင့်ဌာနတွေရဲ့ သတင်းတွေမှာပါ ပေါ်ပြူလာဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ ဝန်ကြီးချူပ် ၁၄ ဦး ရှိတဲ့အထဲက ဘာဖြစ်လို့များ သူ့တယောက်ထဲ ပဲ့ထွက်ပြီး နာမည်ကြီးနေသလဲဆိုတာ စဉ်းစားစရာပါ။

ထားဝယ်မှာလည်း ရွှေဝယ်သီရိ အားကစားကွင်းတွေ၊ အ.ထ.က (၂) အနောက်က ဘောလုံးကွင်းပါမကျန် လက်ညိုးထိုးရောင်း စားမလို့ ကြံစည်ပါတယ်။ ထားဝယ်သားတွေက မခံနိုင်တော့တာနဲ့ ညဘက်ကြီး သူ့အိမ်ရှေ့ကနေ အော်လံနဲ့လာပြီး အော်ဆဲ ကလော်တုတ်သွားတာ ခံရပါသတဲ့။

ဘယ်သူတွေ ဘာပြောပြော ထားဝယ် မြို့တော်ခမ်းမနံဘေးက အစိုးရဧည့်ရိပ်သာကိုတော့ တလ (ဆယ်သိန်း) နဲ့ ငှားစားလိုက်ပြန်ပါပြီ။ မောင်းမကန်သွား လမ်းက (Viewpoint) နံဘေး မြေကွက်ကိုလည်း သူ့နာမည်နဲ့ ယူထားသည်။ တိုင်း အားကာက သက်သာဆိုင်ခန်းမှာလည်း ၁ ခန်း ဝင်ယူထားပါသေးတယ်။ မြိတ်နဲ့ ကော့သောင်းမှာလည်း အုပ်ချုပ်ရေးမှုးအဆင့်ဆင့်ကို မြေကွက်တွေ ရှာဖွေခိုင်းထားတယ်လို့ သိရပါတယ်။ လစဉ်ကြေးကတော့ ပုံမှန်အတိုင်း ဆက်သရတယ်လို့ ပြောပါတယ်။

သူ့အတွက်သူ အရမ်းသိတတ်တဲ့ (ပြည်နယ်) ဝန်ကြီးချုပ်တယောက်၊ ဝန်ကြီးချုပ်တာဝန်ယူစဉ်ကတည်းက ဒီနေ့အထိ တနင်္သာရီတိုင်းအတွက် ဘာတွေများ လုပ်ပေးခဲ့ပါသလဲ။ သူဌေးတွေဆီက အလှူခံပြီး ရန်ကုန်က စာအုပ်အဟောင်းတွေ၊ အစုတ်အပြတ် မှိုတက်တွေဝယ်ပြီး မြို့နယ်တွေကိုခွဲပေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးလို့ ခေါင်းစဉ်တပ် ဟန်ရေးပြတာကလွဲပြီး ဘာတစ်ခုမှမလုပ် ခဲ့ပါဘူး။

ထားဝယ်မှာလည်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြီးကို ထိုင်ကြည့်ပြီး ဒေသထွက်မီးသွေးလေး အားကိုးချက်ပြုတ် စားသောက်နေကြရတဲ့အထဲ ထားဝယ်က တရုတ်သူဌေး ဦးစွန်ဝိုင်ရဲ့သား မောင်ဇော်ကို တခြားအမည်နဲ့ မီးသွေး တဦးတည်းကိုယ်စားလှယ် ပေးလိုက်လို့ အခုမီးသွေးတအိတ် ၄၅၀ဝ ကျပ် ဖြစ်နေပါပြီ။ သစ်တောရှားပါးတဲ့ မြိတ်မှာ မီးသွေးတစ်အိတ် ၁၈၀ဝ ကျပ်နဲ့ ကော့သောင်းလို နယ်စပ်ဒေသမှာတောင် တစ်အိတ် ၂၅၀ဝ ကျပ်ပဲ ပေါက်နေတာ။ ထားဝယ်မီးသွေးဈေးက ၄၅၀ဝ ကျပ်ဆိုတော့ စဉ်းစားကြည့်ပါဦး။

တလောကလည်း ထားဝယ်နဲ့ကော့သောင်း ဆန်ဈေးကွက်ကို အောင်မြင်သူကုမ္ပဏီ (မန္တလေး) ကို ပေးလိုက်လို့ ဆန်ဈေးကြီးမြင့်မှုဒဏ် ခံစားခဲ့ကြရပြီးပါပြီ။ တိုင်းအဆင့် ဌာနဆိုင်ရာတွေကိုလည်း မအေနှမ ကလော်ဆဲ၊ တစ်တစ်ခွခွပြောပြီး ပြဿနာရှာလွန်းလို့ နောက်ကွယ်မှာ ဦးကျောက်လုံးလို့ ခေါ်နေကြပါသတဲ့။

အခုလည်း သူနဲ့ပတ်သက်ပြီး သတင်းထူးတခု ထပ်ထွက်လာပြန်ပါပြီ။ ကျနော်တို့ဝန်ကြီးချုပ် ဦးခင်ဇော်ရဲ့သတင်းပဲပေါ့။ တနင်္သာရီတိုင်း၊ မြိတ်မဲဆန္ဒနယ်အမှတ် (၁) ဟာ ဝန်ကြီးချုပ်ဦးခင်ဇော်ကို ရွေးကောက်ပွဲတုန်းက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့တဲ့ နယ်မြေဖြစ်ပါတယ်။ အခု အဲဒီမဲဆန္ဒနယ်က မဲဆန္ဒရှင်ပြည်သူများရဲ့(၁) ရာခိုင်နှုန်းဖြစ်တဲ့ ၇၀ဝ ဦးက တိုင်းဒေသကြီးကိုယ်စားလှယ်၊ ယခုဝန်ကြီးချုပ် ဦးခင်ဇော်ကို အယုံအကြည်မရှိကြောင်း၊ လွှတ်တော်ကိုယ် စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးပါရန်၊ အရေးယူဆောင်ရွက်ပေးပါရန်၊ စုပေါင်းလက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (နေပြည်တော်) ဆီကို (၁၈.၁၀.၂၀၁၁) ရက်နေ့မှာ ပေးပို့ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
၎င်းအပြင် မြိတ်မြို့ သစ်ရာဝရွာမှ ၄င်းတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ဒေသအကျိုးပြုလုပ်ငန်းတွေမှာ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် လူပေါင်း ၇၀ဝ ကျော်ကပဲ လတ်မှတ်ထိုးပြီး မဲရုပ်သိမ်းမည့်အချိန်တွင် တိုင်းလုံခြုံစီမံဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်အား တာဝန်ပေးပြီး ဒေသဆိုင်ရာအာဏာပိုင်များနဲ့ ခြိမ်းခြောက်ခိုင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ တလခန့်ကလည်း တနင်္သာရီတိုင်းက လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ဝန်ကြီးချုပ် ဦးခင်ဇော်ကို အရေးယူပေးဖို့ နိုင်ငံတော်နဲ့ပြည်သူ့လွတ်တော်ထံ တင်ပြတောင်းဆိုခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြတောင်းဆိုခဲ့စဉ်က “ပြင်းထန်စွာသတိပေးခြင်း” ဆိုတဲ့ ပြစ်ဒဏ်ကိုသာ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများဟာ အခုလို သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူတွေက ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြဌာန်းချက်များနဲ့အညီ တင်ပြမှုအပေါ် ဘယ်လိုသုံးသပ်ပြီး ကိုင်တွယ်ဆုံးဖြတ်သွားမယ်ဆိုတာတော့ အလွန်စိတ်ဝင်စားစရာ ဖြစ်နေကြောင်းပါခင်ဗျား။

ဆက်စပ်သော သတင်းများ ပြန်ဖတ်လိုလျှင် -

-တနင်္သာရီတိုင်း ဆန်တင်ပို့မှု ကုမ္ပဏီ ၂ ခု လက်ဝါးကြီးအုပ်ခွင့်ရ

- တိုင်းဝန်ကြီးချုပ် ထိန်းချုပ်၍ တနင်္သာရီတွင် ဆန်ဈေး တက်

- တနင်္သာရီ ၀န်ကြီးချုပ် ပြင်းထန်စွာ သတိပေးခံရ

ကော့သောင်း စည်ပင်အခွန်တိုးကောက်မှု ပျံကျဈေးသည်များ အခက်အခဲဖြစ်


တနင်္သာရီတိုင်း ကော့သောင်းမြို့ပေါ်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အခွန်နှုန်းထား တိုးမြှင့်ကောက်ခံ နေသည့်အတွက် လမ်းဘေး ဈေးသည်များနှင့် တနိုင်တပိုင် လုပ်ကိုင် စားသောက်နေသူများ အခက်အခဲ ဖြစ်နေကြသည်။ကော့သောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ခေါင်းရွက် ဗျတ်ထိုး ဈေးသည်များထံမှ စည်ပင်အခွန် (ဈေးကောက်)ကောက်ခံရာတွင် ယခင်က တရက်လျင် ကျပ်ငွေ (၄၀၀) သာကောက်ခံသော်လည်း ယခုအခါ (၇၀၀) အထိ တိုးမြှင့် ကောက်ခံနေသည့်အတွက် အခက်အခဲ ဖြစ်နေကြသည်ဟု ဈေးသည်တဦးက အခုလို ပြောသည်။
ဈေးက ရောင်းမကောင်းတဲ့အပြင် အခုလို ပေးနေရတော့ ကျနော်တို့က ထမင်း စားရဖို့ မလွယ်ဘူး။ ကျနော်တို့ ဒီနေ့ ဈေးရောင်းရတဲ့ငွေနဲ့ မနက်ဖြန်အတွက် ပြန်ဝယ်ချမ်း လိုက်ပြီးတော့ ပိုတဲ့ဟာနဲ့ စားသောက်နေရတော့ လက်ထဲမှာ ငွေကျန်ထားတယ်ဆိုတာ မရှိပါဘူးဗျာ။ သူတို့က အခုလို ကောက်လာတော့ ပိုပြီး ခက်ကုန်တာပေါ့။
 ထို့အပြင် ယခင်က ယင်းဈေးသည် တဦးလျင် အမှိုက်ပစ်ခအဖြစ် စည်ပင်သာယာသို့ တလလျင် ကျပ်ငွေ တစ်ထောင် ပေးဆောင်ရသော်လည်း ယခုအခါ သုံးထောင်အထိ ပေးရသည့်အပြင် ဈေးကောက်ခနှင့် အမှိုက်ပစ်ခ မပေးလျင် ဈေးရောင်းခွင့် ပိတ်ပင်ခံရမည်ဟု မြို့နယ် စည်ပင် သာယာရေး ဌာနက ပြောကြောင်း ၎င်းက ဆက်ပြောသည်။
မပေးနိုင်ရင် ဈေးမရောင်းရဘူးတဲ့ဗျာ။ တနေ့ဈေး မထွက်ရင် ကျနော်တို့ မိသားစု ဘ၀တွေက တော်တော်လေးကို ဒုက္ခရောက်မှာကိုး။ ဟိုကချေး ဒီကချေးနဲ့ အကြွေးတွေပိုတင်လာတာပေါ့။အမည်မဖော်လိုသည့် ကော့သောင်းမြို့ခံ တဦးကမူ ရပ်ကွက်အတွင်း ဈေးလှည့်လည် ရောင်းချ နေသူများအား မြို့နယ် စည်ပင် သာယာရေးက တရားဝင် ခွင့်ပြုခြင်းမရှိကြောင်း ပြောသည်။
သို့သော် ဆိုင်ရာမှ တွေ့ရှိပါက တားမြစ်ခြင်း မရှိဘဲ စည်ပင်ခွန် (ဈေးကောက်) ကောက်ယူသည် ဟု အခုလို ပြောသည်။တွန်းလှည်းလေးတွေနဲ့ လိုက်ရောင်းနေကြတဲ့သူတွေ ရှိတော့ ရှိတယ်ဗျ။ ခနပေါ့လေ။ ညနေပိုင်းတို့ မနက်ပိုင်းတို့ ရောင်းကြတာပေါ့။ ငါးသည်လေးတွေ၊ တချို့လည်း ကွမ်းယာတို့၊ ပလာတာတို့ ရောင်းကြတာပေါ့။ အဲဒီလူတွေဆီမှာလည်း (၇၀၀) စီကောက်တယ်။ ပြီးတော့ အမှိုက်ကြေး ဆိုပြီး တော့လည်း တရက်ကို တစ်ရာကောက်တယ်။
ထို့အပြင်သူတို့မှာတော့ တကယ်ပြန်ကြည့်ရင် မုန့် တဗြတ်လုံးကုန်မှ တစ်ထောင် ထောင့်ငါးရာ လောက် မြတ်တဲ့ဟာကို ခုနှစ်ရာ ကောက်တယ်ဆိုတော့ သူတို့အတွက် အကြပ်အတည်း တွေ့တော့ တာပေါ့။ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။
ကော့သောင်း မြို့နယ် စည်ပင်သာယာရေး ဌာနမှ ကမ်းနားလမ်း ပလက်ဖောင်း ဘေးတွင် ဆိုင်ခန်း တနေရာအတွက် တနှစ်လျင် ကျပ်ငွေ တသိန်းနှုန်းဖြင့် သတ်မှတ်၍ ရောင်းချခွင့် ပြုခဲ့သော်လည်း ဈေးကောက်ခ အဖြစ် နေ့စဉ် ကျပ်ငွေ (၅၀၀) ပေးဆောင်ရပြီး အမှိုက်ကြေးအနေဖြင့် တလလျင် ကျပ်ငွေ (၃၀၀၀) ပေးရသည်ဟု သိရသည်
အလားတူ ကော့သောင်းဈေးကြီး အရှေ့ဖက် လမ်းဘေး ပလက်ဖောင်း နေရာများတွင် ကန်ထရိုက် ဆိုင်ခန်းများ ဆောက်လုပ်ထားပြီး ဈေးကောက်ခနှင့် အမှိုက်ကြေးများကို အထက်ပါနှုန်းထား အတိုင်း ပေးဆောင်ရကြောင်း မြို့ခံများက ပြောသည်။သို့သော် ပြည်နယ်နှင့် တိုင်းအဆင့်မှ တာဝန်ရှိပုဂ္ဂိုလ်များ ရောက်လာသည့်နေ့များတွင် လမ်းဘေး ဈေးသည်များအား ရောင်းချခွင့် မပြုကြောင်း သိရသည်။
ကော့သောင်းမြို့မှ စတိုးဆိုင် ပိုင်ရှင် တဦးကမူ မြို့နယ် စည်ပင်သာယာရေးသို့ နေ့စဉ် စည်ပင်ခွန် (ဈေးကောက်ခ) မပေးရသော်လည်း အမှိုက်ကြေး တလလျင် ကျပ်ငွေ (၅၀၀၀) ပေးရကြောင်းနှင့် အချို့ဆိုင်များတွင် ကျပ်ငွေ (၁၀၀၀၀) အထိ ပေးဆောင်ရသည်ဟု ပြောသည်။
လွန်ခဲ့သည့် သြဂုတ်လက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လမ်းဘေး ဈေးသည်များ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့သည်။
ယင်းစည်းကမ်းချက်များ အနက် အချက်အချို့နှင့် ပတ်သက်ပြီး ပြန်လည် ပြင်ဆင်ပေးရန် လမ်းဘေး ဈေးသည်များက နိုင်ငံတော် သမ္မတထံ အသနားခံလွှာ တင်ပြခဲ့ပြီး နိုင်ငံတော်အတွက် သင့်တင့်သည့် အခွန်အခများ ပေးဆောင်သွားမည်ဟု ပါရှိသည်။

လူကုန်ကူးမှု တားဆီးရေးအဖွဲ့ က ခရီးသည်များကို အကြပ်ကိုင်ငွေတောင်း



တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မှာ လူကုန်ကူးမှု တားဆီးရေး အဖွဲ့က ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေကို စိစစ် တားဆီး ထိမ်းသိမ်းရာမှာ ဥပဒေ စည်းကမ်းနဲ့ မညီညွတ်မှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကော့သောင်မြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကူးသန်းသွားလာနေသော ခရီးသည်တင် စက်တပ်လှေတစင်း ဖြစ်ပါသည်။
ဒီအိတ်ဖွင့်ပေးစာအရ လူကုန်ကူးမှု တားဆီးရေး လုပ်ငန်းစဉ်မှာ မှတ်ပုံတင်သိမ်း၊ လူကို ဖမ်းဆီးတာသာမက ရယက ရုံးမှာ ရာဇ၀တ်သားတွေလို ချုပ်နှောင်ထားတာဟာ နိုင်ငံသားများရဲ့ မူလအခွင့်အရေး ချိုးဖေါက်ရာ ရောက်ကြောင်း၊ စီရင်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးရဲ့ ချုပ်မိန့် မရဘဲ မည်သူ့ ကိုမှ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခွင့် မရှိရ ဆိုတဲ့ ပြဌာန်းချက်ကို ဆန့်ကျင်နေကြောင်း ဖေါ်ပြထားပါတယ်။
လူကုန်ကူးမှု တားဆီးရေး အဖွဲ့ တွေက ကော့သောင်းမြို့အ၀င် ကားဂိတ် လေယာဉ်ကွင်းနဲ အမြန်ယာဉ်ဂိတ်တွေမှာ ခရီးသည်တွေကို စစ်ဆေးပြီး /ကသန မဟုတ်တဲ့ မှတ်ပုံတင် ကိုင်ဆောင်သူတွေဟာ မြို့ ခံအိမ်ရှင်ရဲ့ လိပ်စာ မပေးနိုင်ရင် ပြန်ခိုင်းရာမှာ မှတ်ပုံတင်ကို ငွေ သောင်းပေးပြီး ရွေးယူရကြောင်း၊ မပေးနိုင်သူတွေကို သက်ဆိုင်ရာ ရယက ရုံးတွေမှာ ထိမ်းသိမ်းထားကြောင်း NLD လူငယ်လုပ်ငန်း အဖွဲ့က ကိုမြင့်မောင်က ပြောပြပါတယ်။
တချို့က မှတ်ပုံတင်ကို နှစ်ရှည်လများ သိမ်းထားပြီး လူကိုလည်း လနဲ့ချီပြီး ရယကရုံးမှာ ထိမ်းသိမ်းထားကြောင်း၊ ဖမ်းထားတယ်လို့ မခေါ်ဆိုပေမဲ့ ထိုသူတွေဟာ အပြင်ထွက်ခွင့် မရှိဘဲ၊ အစားအသောက် မစီစဉ်ပေးတဲ့အတွက် မိမိဖာသာ ၀ယ်စားတာ၊ အပြင်က လူတွေ လာကျွေးမှ စားရတာတွေ ရှိကြောင်း သူက ပြောပြပါတယ်။
ထိမ်းသိမ်းခံ ခရီးသည်တွေမှာ အပြန်စားရိတ် မတတ်နိုင်သူတွေကို အခမဲ့ နေရပ်ပြန်ပို့ နိုင်ရေး စီစဉ်ပေးပေမဲ့ အမြန်ရေယာဉ် ခရီးစဉ် မလာမချင်း ..က ရုံးမှာ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။
ကော့သောင်းမြို့ က လူကုန်ကူးမှု တားဆီးရေးအဖွဲ့ မှာ မြို့နယ် အုပ်ချုပ်ရေး၊ မြို့ နယ်ရဲ၊ ရဲ အထူးသတင်းတပ်ဖွဲ့၊ ..ဖ၊ ..က စတဲ့ ဌာနဆိုင်ရာ အဖွဲ့ တွေ ပူးပေါင်း ပါဝင်ပြီး တဘက်နိုင်ငံကို တရားမ၀င် သွားရောက်မှာကို တားဆီးနေတာ ဖြစ်ပါတယ်။ အခုလို စစ်ဆေး တားဆီးရာမှာ ထိမ်းသိမ်းခံရတဲ့ ခရီးသွား ဦးရေဟာ နေ့စဉ် ၅၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။