Friday, October 28, 2011

ကော့သောင်း စည်ပင်အခွန်တိုးကောက်မှု ပျံကျဈေးသည်များ အခက်အခဲဖြစ်


တနင်္သာရီတိုင်း ကော့သောင်းမြို့ပေါ်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အခွန်နှုန်းထား တိုးမြှင့်ကောက်ခံ နေသည့်အတွက် လမ်းဘေး ဈေးသည်များနှင့် တနိုင်တပိုင် လုပ်ကိုင် စားသောက်နေသူများ အခက်အခဲ ဖြစ်နေကြသည်။ကော့သောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ခေါင်းရွက် ဗျတ်ထိုး ဈေးသည်များထံမှ စည်ပင်အခွန် (ဈေးကောက်)ကောက်ခံရာတွင် ယခင်က တရက်လျင် ကျပ်ငွေ (၄၀၀) သာကောက်ခံသော်လည်း ယခုအခါ (၇၀၀) အထိ တိုးမြှင့် ကောက်ခံနေသည့်အတွက် အခက်အခဲ ဖြစ်နေကြသည်ဟု ဈေးသည်တဦးက အခုလို ပြောသည်။
ဈေးက ရောင်းမကောင်းတဲ့အပြင် အခုလို ပေးနေရတော့ ကျနော်တို့က ထမင်း စားရဖို့ မလွယ်ဘူး။ ကျနော်တို့ ဒီနေ့ ဈေးရောင်းရတဲ့ငွေနဲ့ မနက်ဖြန်အတွက် ပြန်ဝယ်ချမ်း လိုက်ပြီးတော့ ပိုတဲ့ဟာနဲ့ စားသောက်နေရတော့ လက်ထဲမှာ ငွေကျန်ထားတယ်ဆိုတာ မရှိပါဘူးဗျာ။ သူတို့က အခုလို ကောက်လာတော့ ပိုပြီး ခက်ကုန်တာပေါ့။
 ထို့အပြင် ယခင်က ယင်းဈေးသည် တဦးလျင် အမှိုက်ပစ်ခအဖြစ် စည်ပင်သာယာသို့ တလလျင် ကျပ်ငွေ တစ်ထောင် ပေးဆောင်ရသော်လည်း ယခုအခါ သုံးထောင်အထိ ပေးရသည့်အပြင် ဈေးကောက်ခနှင့် အမှိုက်ပစ်ခ မပေးလျင် ဈေးရောင်းခွင့် ပိတ်ပင်ခံရမည်ဟု မြို့နယ် စည်ပင် သာယာရေး ဌာနက ပြောကြောင်း ၎င်းက ဆက်ပြောသည်။
မပေးနိုင်ရင် ဈေးမရောင်းရဘူးတဲ့ဗျာ။ တနေ့ဈေး မထွက်ရင် ကျနော်တို့ မိသားစု ဘ၀တွေက တော်တော်လေးကို ဒုက္ခရောက်မှာကိုး။ ဟိုကချေး ဒီကချေးနဲ့ အကြွေးတွေပိုတင်လာတာပေါ့။အမည်မဖော်လိုသည့် ကော့သောင်းမြို့ခံ တဦးကမူ ရပ်ကွက်အတွင်း ဈေးလှည့်လည် ရောင်းချ နေသူများအား မြို့နယ် စည်ပင် သာယာရေးက တရားဝင် ခွင့်ပြုခြင်းမရှိကြောင်း ပြောသည်။
သို့သော် ဆိုင်ရာမှ တွေ့ရှိပါက တားမြစ်ခြင်း မရှိဘဲ စည်ပင်ခွန် (ဈေးကောက်) ကောက်ယူသည် ဟု အခုလို ပြောသည်။တွန်းလှည်းလေးတွေနဲ့ လိုက်ရောင်းနေကြတဲ့သူတွေ ရှိတော့ ရှိတယ်ဗျ။ ခနပေါ့လေ။ ညနေပိုင်းတို့ မနက်ပိုင်းတို့ ရောင်းကြတာပေါ့။ ငါးသည်လေးတွေ၊ တချို့လည်း ကွမ်းယာတို့၊ ပလာတာတို့ ရောင်းကြတာပေါ့။ အဲဒီလူတွေဆီမှာလည်း (၇၀၀) စီကောက်တယ်။ ပြီးတော့ အမှိုက်ကြေး ဆိုပြီး တော့လည်း တရက်ကို တစ်ရာကောက်တယ်။
ထို့အပြင်သူတို့မှာတော့ တကယ်ပြန်ကြည့်ရင် မုန့် တဗြတ်လုံးကုန်မှ တစ်ထောင် ထောင့်ငါးရာ လောက် မြတ်တဲ့ဟာကို ခုနှစ်ရာ ကောက်တယ်ဆိုတော့ သူတို့အတွက် အကြပ်အတည်း တွေ့တော့ တာပေါ့။ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။
ကော့သောင်း မြို့နယ် စည်ပင်သာယာရေး ဌာနမှ ကမ်းနားလမ်း ပလက်ဖောင်း ဘေးတွင် ဆိုင်ခန်း တနေရာအတွက် တနှစ်လျင် ကျပ်ငွေ တသိန်းနှုန်းဖြင့် သတ်မှတ်၍ ရောင်းချခွင့် ပြုခဲ့သော်လည်း ဈေးကောက်ခ အဖြစ် နေ့စဉ် ကျပ်ငွေ (၅၀၀) ပေးဆောင်ရပြီး အမှိုက်ကြေးအနေဖြင့် တလလျင် ကျပ်ငွေ (၃၀၀၀) ပေးရသည်ဟု သိရသည်
အလားတူ ကော့သောင်းဈေးကြီး အရှေ့ဖက် လမ်းဘေး ပလက်ဖောင်း နေရာများတွင် ကန်ထရိုက် ဆိုင်ခန်းများ ဆောက်လုပ်ထားပြီး ဈေးကောက်ခနှင့် အမှိုက်ကြေးများကို အထက်ပါနှုန်းထား အတိုင်း ပေးဆောင်ရကြောင်း မြို့ခံများက ပြောသည်။သို့သော် ပြည်နယ်နှင့် တိုင်းအဆင့်မှ တာဝန်ရှိပုဂ္ဂိုလ်များ ရောက်လာသည့်နေ့များတွင် လမ်းဘေး ဈေးသည်များအား ရောင်းချခွင့် မပြုကြောင်း သိရသည်။
ကော့သောင်းမြို့မှ စတိုးဆိုင် ပိုင်ရှင် တဦးကမူ မြို့နယ် စည်ပင်သာယာရေးသို့ နေ့စဉ် စည်ပင်ခွန် (ဈေးကောက်ခ) မပေးရသော်လည်း အမှိုက်ကြေး တလလျင် ကျပ်ငွေ (၅၀၀၀) ပေးရကြောင်းနှင့် အချို့ဆိုင်များတွင် ကျပ်ငွေ (၁၀၀၀၀) အထိ ပေးဆောင်ရသည်ဟု ပြောသည်။
လွန်ခဲ့သည့် သြဂုတ်လက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လမ်းဘေး ဈေးသည်များ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့သည်။
ယင်းစည်းကမ်းချက်များ အနက် အချက်အချို့နှင့် ပတ်သက်ပြီး ပြန်လည် ပြင်ဆင်ပေးရန် လမ်းဘေး ဈေးသည်များက နိုင်ငံတော် သမ္မတထံ အသနားခံလွှာ တင်ပြခဲ့ပြီး နိုင်ငံတော်အတွက် သင့်တင့်သည့် အခွန်အခများ ပေးဆောင်သွားမည်ဟု ပါရှိသည်။

No comments:

Post a Comment